သိန်း ၁၅ဝ တန် ပုဂံ ဓားတလက်

ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းက ရွှေပြည်ကြီးကို အလည်တခေါက်ရောက်ခဲ့ပါသေးတယ်။ ရောက်ပြီး တရက်၊ နှစ်ရက် ဆွေတွေမျိုး တွေကို မျက်နှာပြပြီးပြီဆိုရင်ပဲ ထုံးစံအတိုင်း ရေးဖော် ရေးဖက်၊ သောက်ဖော်သောက်ဖက်တွေဘက် ခြေဦးလှည့်တော့တာပါပဲ။ တချို့လည်းမရှိတော့ တချို့လည်း အမြင်မှန်တွေ ဘာတွေရပြီး ပြတ်တဲ့လူကပြတ်၊ ဖြတ်တဲ့လူကဖြတ်၊ `တချို့ကတော့ လည်း ခုလဲပဲ ဗိုလ်ဆွဲမှန်စွာ´ လို့ဆိုရမယ့် `ကြီးဗိုလ်´ ကြီးတွေနဲ့လည်း ဆုံခဲ့ရပါသေးတယ်။ စာသမားတွေဆိုတော့ စီးပွား ရေးသမားတွေ အာဏာရကပ်ပါးတွေလိုတော့ ကြီးကြီးပွားပွား၊ စိုစိုပြေပြေ မတွေ့ရဘဲ အများစုကတော့ ရောဂါလေးတွေ ကိုယ်စီနဲ့ ခေတ်ကြပ် စနစ်ကြပ်ကြီးထဲမှာ မွန်းကြပ်နေကြရတာများပါတယ်။

တရက်ညကြီးမိုးချုပ်မှ ခပ်ထွေထွေနဲ့ပြန်လာတဲ့ကျွန်တော့်ကို “မင်း မနက်ဖြန်ညနေအားလား၊ မောင်တင်လာသွားတယ် မင်းကို တွေ့ချင်လို့ မနက်ဖြန် ညနေ (၅) နာရီ သူလာခေါ်မယ်တဲ့ မင်းကို ဒင်နွာေကွးမလို့တဲ့..”

မောင်တင် …. ဘယ်သူပါလိမ့် စဉ်းစားလို့မရ။ သူငယ်ချင်းထဲမှာလည်း ဒီနံမည် မရှိပါဘူး။ မောင်တင် ဘယ်ကမောင်တင်ပါလိမ့်။ စဉ်းစားလို့မရတဲ့အဆုံး ကျွန်တော့်အကို ကိုအေးကြည်ကတော့ `ဒို့ (၃) ခန်းကျော်လောက်ကနေသွားတဲ့ ဦးအဂ္ဂရဲ့ တူလေ ကွာ..? ကုလားလေးမောင်တင် အိမ်လာပြီး မင်းတူနဲ့ တပူးတွဲတွဲနေတဲ့ ကုလားလေးဟာ …။´

သြော် … သိပြီ … ကျွန်တော်ရှိစဉ်တုန်းက ဒီကလေးက (၅) တန်း (၆) တန်းလားရှိဦးမယ် ထင်ပါရဲ့။

အိမ်ရှေ့ဖြတ်သွားဖြတ်လာမို့ မြင်ဖူး၊ တွေ့ဖူးပေမယ့် အရွယ်ချင်းကကွာတော့ သူငယ်ချင်းမဖြစ်ကြလို့ စိတ်ထဲမှတ်မှတ် ထင် ထင် မရှိပါဘူး။ နှစ် နှစ်ဆယ် အစိတ်ဆိုတဲ့ကာလတခုဟာ လူတယောက်ရဲ့ဘဝကိုပြောင်းလဲဖို့ လုံလောက်တဲ့အချိန်မို့ ကုလားလေးမောင်တင်လည်း ခုတော့ ကြီးကြီးပွားပွား ချမ်းချမ်းသာသာဖြစ်နေပြီလို့ ကျွန်တော့်အကိုက ပြောပါတယ်။ မြို့ထဲ နဲ့ ခပ်လှမ်းလှမ်းရပ်ကွက်တခုမှာ တိုက်နဲ့ကားနဲ့ လုပ်ငန်းနဲ့ အတော်လေး ဟန်ကျပန်ကျဖြစ်နေပြီး ကြားရတော့ ဝမ်းသာပါ တယ်။ ခုလိုသတိတရ လာတွေ့ပြီး ဒင်နာကျွေးဖို့တောင် ဖိတ်ခေါ်ရတော့ ဒီကလေး သူတော်ကောင်းကို ဆည်းကပ်ကိုးကွယ် ရကောင်းမှန်သိလို့ ဒီထက်ကြီးပွားလိမ့်ဦးမယ် ထင်ပါတယ်။ ဟဲ … ဟဲ…. ထားပါတော့။

နောက်နေ့ ၅ နာရီလောက် သူလာခေါ်ပါတယ်။ ကားပေါ်မှာ နိုင်ငံခြားဖြစ် လီတာပုလင်းကြီးတွေ့တော့ ဟဲ့ကောင် ကုန်ပါ့ မလားဆိုတော့ မောင်တင်က စိတ်ချ ကျွန်တော်တဝက် တာဝန်ယူတယ်တဲ့။ သြော် … လူငယ်ခြေတက်ကလေးပါလား။ ကျွန်တော့်အကိုနဲ့တော့ ဝါသနာအိုးချင်းတူကြတော့ ကားပေါ်မှာတင် မန်ချက်တွေ – ရီးယဲတွေ၊ ဘာစီလိုနာတွေနဲ့ သူတို့မို့ ရှာရှာဖွေဖွေ သိတတ်ကြပလေ။ အကိုကြီး ဘယ်ဆိုင်သွားမလဲ တရုတ်ဆိုင်သွားမလား။ ယိုးဒယားဆိုင်သွားမလား။ ကိုရီး ယားဆိုင်သွားမလားဆိုတော့ ဟ …. မင်းနဲ့ တရုတ်ဆိုင်ဘယ်ဖြစ်မလဲကွ။ မင်းတို့ကြိုက်တဲ့ဆိုင် သွားပါဦးတော့။ ကျွန်တော့ အကိုက ရီပါတယ်။ ဘာလဲ – မင်းက ဒီကောင်ဝက်သား မစားဘူးထင်လို့လား။ အဆီနဲ့အခေါက်မှ မျိုတာတောင် ကွမ်းလေးမြုံပြီး ကားမောင်းနေတဲ့ မောင်တင်က ဝက်ဆို ခေါင်းကနေ အမြီးအထိ အကုန်စားတယ်။ ဝယ်တော့ မသယ်ရဲဘူး။ တခါ တရုတ် တန်းမှာ အခေါက်ကင်ဆင်းဝယ်တာ တရုတ်ကြီးက ကျွန်တော့်ကိုကြည့်လိုက် အခေါက်ကင်လားလို့ သေချာအောင်မေးလိုက် .. တော်ကြာ .. ဘဲကင်လား … အခေါက်ကင်လားလို့ ထပ်မေးလိုက် (၃) ခါလောက် အမေးအဖြေလုပ်ပြီးမှ ထုတ်တယ်။ ဟုတ်တယ် ဝက်သားအခေါက်လို့ ခပ်မာမာအော်ပြောလိုက်မှ တရုတ်ကြီးက ပြုံးဖြီးဖြီးနဲ့ခုတ်ပေးတော့ ဒါကြောင့် စားတော့ စားတယ် ဝယ်တော့ မဝယ်ရဲဘူး။

လူက အသားကခပ်မည်းမည်း၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးနဲ့ ကုလားရုပ်အပြည့်ပေါက်နေတဲ့ လူက အခေါက်ကင်ဝယ်တော့ တရုတ်ကြီးကလည်း ရယ်ချင်မှာပေါ့လေ။ တကယ်တော့ မောင်တင်က ဟိန္ဒူ၊ ကိုးကွယ်တော့ခရစ်ယာန် ကျိုက္ကဆံကွင်းနားက ခြံလေးဝင်းလေးနဲ့ သပ်သပ်ရပ်ရပ်ရှိတဲ့ တရုတ်ဆိုင်ကိုဝင်ပြီး ပါလာတဲ့ပုလင်းဖွင့် သူ့ဘဝဇာတ်ကြောင်းလေးတွေ နားထောင် ရတာ ဝတ္ထုတပုဒ်ဖတ်ရသလိုပါပဲ။ ခေတ်တွေ စနစ်တွေရဲ့ အခန်းကူးအခန်းပြောင်းမှာ တချို့ဘဝပျက်ရသလို တချို့ဘဝတက် သွားတဲ့အကြောင်း သူ့စကားထဲမှာ ဖျိုးခနဲ ဖျပ်ခနဲ မြင်လိုက်ရပါတယ်။

ယမကာလေးမှီဝဲလိုက် အမြည်းလေးစားလိုက်နဲ့ သူ့ခြေထောက်တစ်ဖက်က ပတ်တီးကြီးမြင် တာနဲ့ ဘာဖြစ်တာလဲမေးကြည့်တော့ လွန်ခဲ့တဲ့ (၂)လလောက်က ကားအက်ဆီးဒင့်ဖြစ်လို့ ခြေထောက် ထိသွားတာ။ ခုထိ ကောင်းကောင်းအနာမကျက်သေးဘူးဆိုပဲ ပိုက်ဆံတွေလည်း သောက်သောက်လဲ ကုန်လှပြီလို့ငြီးပါတယ်။ မင်းမှားလို့လားလို့မေးတော့ မဟုတ်ဘူး ကျွန်တော်ကလမ်းမှန် လမ်းကြားလေး ထဲကထွက်လာတဲ့ကားက ကျွန်တော့်ကိုတိုက်တာ သူမှားတာတဲ့။ ဒါဆို မင်းဘာလို့ ပိုက်ဆံကုန်ရမှာလဲ မှားတဲ့သူကလျော်လေ အာမခံပေါ်လစီထားရင် အာမခံကုမ္မဏီကလျော်လေ မင်းမှန်တာပဲ မင်းဘာလို့ ကုန်ရမှာလဲ။

ကုလားလေးမောင်တင် သက်ပြင်းအရှည်ကြီးချပါတယ်။ ရှေ့ကဖန်ခွက် တဝက်သာသာကို တချက်တည်းမော့ပြီး အကိုကြီး ဒါ ဗမာပြည် မှန်တာတွေ မှားတာတွေ နောက်မှပြော တခုခုဖြစ်ပြီဆိုရင်တော့ မလုပ်လို့မရတော့ဘူး။ အဲ တဖက်က အပွင့်ကြီး တွေ အခက်ကြီးတွေ ဘယ်ကရောင်းကြီးတွေနဲ့ဆိုရင်တော့ တစ်ဖက်လူ ဘယ်လောက်မှန်မှန် ထောင်မကျရင်ကံကောင်း၊ တရားဥပဒေဆိုတာ ဘာလဲလို့ တရားသူကြီးတွေကို မေးကြည့်ပါလား .. ကမ္ဘာမှာ တရားဥပဒေဆိုရင် သင်္ကေတအဖြစ် ချိန် ခွင်ကို အများအားဖြင့်သုံးကြတယ်။ ဗမာပြည်မှာတော့ ချိန်ခွင်မဟုတ်ဘူး။ လက်ညှိုးနဲ့လက်မ ထိပ်ချင်းထိစပ်ထားတဲ့ပုံက ဥပဒေရဲ့သင်္ကေတပဲ။

သြော် … မင်းပဲပြောတယ်ပလေ၊ ကမ္မဝါဖတ်မယ့် ကုလားလေးမောင်တင်ပါတကား။

အဲသလိုနဲ့ ညနေစာသောက်ရင်းစားရင်း တရားဥပဒေမစိုးမိုးမှုတွေ ခြစားမှုတွေ လာဘ်ပေး လာဘ်ယူ ကြီးထွားနေတာတွေကို တညနေခင်းမှာပဲ တော်တော်လေး ဗဟုသုတရလိုက်ပါတယ်။ အဲဒီလိုပြောရင်း သူ့ညီတယောက်ရဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ် လမ်းကို ကြားလိုက်ရတော့ ကျွန်တော်ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။

အဖြစ်ကဒီလို … ကုလားလေးမောင်တင်ရဲ့ညီတယောက်က စီးပွားရေးလေး အတော်အသင့် အဆင်ပြေနေတော့ တရက် သူတို့မိသားစုပုဂံကို အလည်သွားကြဆိုပဲ။ ပုဂံမှာ (၂) ညအိပ်ပြီး ရန်ကုန် ပြန်တော့ ပုဂံပြန်လက်ဆောင်အဖြစ် ထုံးစံအတိုင်း ယွန်းထည်တွေ ပုဂံဘုရားပုံတွေ လက်မှုပစ္စည်းလေးတွေ ဝယ်လာကြသတဲ့။ အဲ့ဒီမှာ မောင်တင့်ညီက ဓားတချောင်းလှလို့ ဝယ်လာရော ဓားကအသွားရော အရိုးပါပေါင်းမှ တတောင်မပြည့်ချင်ဘူး။ ဒါပေမယ့် ဓားအိမ်လေးက ကနုတ်ပန်းတွေ ဘာ တွေနဲ့ အတော်လှဆိုပဲ။ ဓားရိုးမှာလည်း အရုပ်တွေဘာတွေနဲ့ဆိုတော့ သဘောလှတာနဲ့ ဘာရယ်မဟုတ်ဘူး။ မြန်မာကျပ်ငွေ (၃) သောင်းပေးပြီး ဝယ်လာသတဲ့။

ရန်ကုန်အိမ်ပြန်ရောက်တော့ မိန်းမနဲ့ကလေးတွေက သူတို့ဝယ်လာတာ သူတို့သိမ်းပြီး မောင်တင့်ညီဝယ်လာတဲ့ဓားကို ယူ သိမ်းမသွားဘူးလို့ပြောပါတယ်။ သူလည်း မေ့မေ့ပျောက်ပျောက်နဲ့ အလုပ်ခွင်ထဲပြန်ရောက်သွားတော့ ဒီဓားကိုသိမ်းဖို့ သတိ မရတော့ဘူးပေါ့။

အဲ … အကုသိုလ်ဝင်ချင်တော့ တနေ့ .. အလုပ်အပြန် ညဦးပိုင်း ကန်တော်ကြီးနားမှာ ရဲတွေလမ်းပိတ်ပြီး ရှောင်တခင်စစ်တာနဲ့ တွေ့ပါလေရော …၊ လိုင်စင်ထုတ်ပြခိုင်း၊ ကားထဲကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့် … ဟိုရှာသည်ရှာ နောက်ဘောနပ်ဖုံးကို ဖွင့်ခိုင်းလို့ ဖွင့်ပေးလိုက်တော့ သောက်ရေဗူးတွေ အချိုရည်ဗူးခွံတွေ ကြွတ်ကြွတ်အိတ်တွေနဲ့ ရှုပ်ပွနေတဲ့အောက်မှာ ပုဂံက ဝယ်လာတဲ့ဓားကို ရဲတွေတွေ့သွားပါလေရော။

အဲသည်မှာတင် ပြဿနာက ကြီးတော့တာ။ ရုပ်ကလည်း ကုလားရုပ် ကားထဲမှာလည်း ဓားကတွေ့နေပြီဆိုတော့ ရစ်ပါလေ ရော။ လက်နက်ပုဒ်မနဲ့ ဆွဲပါလေရော။ မောင်တင်သတင်းရတော့ လူရော ကားပါ အချုပ်ထဲရောက်နေပြီ။ မောင်တင်မနေ သာတော့ပြီ။ သူ့ညီအချုပ်ထဲက လွတ်ရေး အမှုပြီးပြတ်ရေး။ ဟိုပြေးသည်ကပ် ဝင်စရာ၊ ထွက်စရာ၊ ပေးစရာ၊ ပသစရာ၊ ပူဇော်စရာအားလုံး။ အမှုကိုင်ရဲပုံး အစိပ်၊ တရားသူကြီး ပုံး ၅ဝ၊ တရားရေးအကြံပေး ပုံး ဘယ်လောက်၊ မော်တော်ပီကယ် ပုလိပ်ပုံး ဘယ်လောက် စုစုပေါင်း ပေါက်တော့ ပုံး ၁၅ဝ မြန်မာကျပ်ငွေ သိန်း ၁၅ဝ ကုန်မှပဲ အဲဒီအမှုပြီးတယ်လို့ ဆိုပါတယ်။ တနှစ်နီးပါး ငွေကုန်၊ လူပန်း၊ အလုပ်ပျက်ဖြစ်ရတဲ့အကြောင်း ဒေါသသံ၊ နာကြည်းသံတွေ ရောစွပ်နေတဲ့အသံတစ်မျိုးကို ခုထိ ကြားယောင်နေပါတယ်။

တလောလေးက နေပြည်တော်လေဆိပ်မှာ ဝန်ကြီးပြုတ်တဦးရဲ့သားဆီက လက်နက်တွေ့မိတယ်ဆိုတဲ့ သတင်းက တတိုင်း ပြည်လုံး ဟိုးလေးတကြော်ကြော်ပါပဲ။ သူနဲ့ဆက်စပ်ပြီး အလုပ်တိုက်ခန်းမှာ နေအိမ်မှာ ဆက်ရှာတော့ ထပ်တွေ့သေးတယ်လို့ ဆိုပါတယ်။ တွေ့တာမှ အတိုတွေရော၊ အရှည်တွေရော၊ စနိုက်ပါတွေရော၊ စကုတွေရော၊ ဒဂုန်းတွေရော၊ အလုံးတွေရော အစုံပဲ၊ ဒါတွေက ကျိုက်ထီးရိုးကအပြန် ကလေးတွေဆော့ဖိုဝယ်လာတဲ့ ဝါးသေနတ်တွေ မဟုတ်ပါဘူး။ ပစ်ရင်သေပါတယ်။ အတွဲလိုက်ပစ်ရင် အစုလိုက် အပြုံလိုက် ကြွနိုင်တဲ့ လက်နက်တွေပါ။ အားလုံး ကာလနာတိုက်ကုန်နိုင်ပါတယ်။

ကုလားလေးမောင်တင့်ညီ ပုဂံကဝယ်လာတဲ့ ဝါးအိမ်နဲ့ ဓားရိုးပေါင်းမှ တတောင်မပြည့်တဲ့ဓားကိုတော့ လက်နက်ပုဒ်မနဲ့ စွဲလို့ ကျပ်သိန်း ၁၅ဝ ကုန်မှပြီးပါတယ်။ ပုဂံဓားဘယ်လောက်ဈေးကြီးတယ်ဆိုတာ ကမ္ဘာကသိပုံ မပေါ်သေးပါဘူး။

ဝန်ကြီးပြုတ်တဦးရဲ့သားဆီက တပုံတပင်ကြီးမိထားတဲ့လက်နက်တွေက ပုဂံကလာတာမဟုတ်ပါဘူး။ ပုဂံမှာလို လွယ်လွယ် ဝယ်လို့ မရပါဘူး။ ပုဂံဓားတချောင်းတောင် သိန်း ၁၅ဝ ကုန်မှတော့ ဒီလောက်များတဲ့ ခေတ်မီလက်နက်ကြီးတွေဆိုရင် သိန်း ထောင်သောင်းချီကုန်မှ ပြီးလိမ့်မယ်လို့လည်း တချို့က မှန်းပါတယ်။ တချို့ကလည်း ငွေနဲ့တော့ မပြီးနိုင်ဘူး။ ငွေအပြင် ဝိတ် ပြားတွေ ထပ်ပိုးဖို့လိုတယ်လို့လည်း ထင်တဲ့သူက ထင်နေပါတယ်။ အကောင်းမြင်ဝါဒသမားတွေကတော့ ကြီးသူအမှုငယ်၊ ငယ်သောအမှု ပပျောက်သွားရင် အကောင်းဆုံးပဲလို့ ပြောကြပါတယ်။

===========

သာထက်အောင် ●

(မိုးမခ) နိုဝင်ဘာ ၇၊ ၂ဝ၁၇

Be the first to comment

Leave a Reply

Your email address will not be published.


*